The Battle of Britain



စက်တင်ဘာ ၁၅ ရက်နေ့ကို ဗြိတိန်ကျွန်းတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးနေ့အဖြစ် ကျွန်ုပ်မှတ်ယူပါသည်။ ဂျာမန်လုဖ်ဗာပါဟာ စက်တင်ဘာ ၁၄ ရက်နေ့ ပြင်းပြင်းထန်ထန် နှစ်ကြိမ်တိုက်ခိုက်အပြီး ၁၅ ရက်နေ့ ထင်သာမြင်သာရှိသော နေ့ဘက်တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုကို လန်ဒန်မှာ စတင်ခဲ့ပါသည်။




အဆိုပါတ်ိုက်ပွဲသည် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ပြီး ဝါတာလူးတိုက်ပွဲကဲ့သို့ အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတခု ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ထိုနေ့က ချက်ကွာစ်မြို့တွင် ရှိနေခဲ့သည်။ ကျွန်ုပ် ယခင်တည်းက အမှတ် ၁၁ လေတပ်ဌာနချုပ်ကို မကြာမကြာ သွားလည်ပတ်ဖူးပြီး တိုက်ပွဲ အကြီးအကျယ်မဖြစ်ခင် လေကြောင်းတိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည်။ အဆိုပါနေ့တွင် ရာသီဥတု သာယာနေပြီး ကျွန်ုပ် အက်ခ်စ်ဘရစ်ခ်ျမြို့ကို ဖြတ်ကာ ဌာနချုပ်ကိုရောက်ခဲ့ပါသည်။


အမှတ် ၁၁ လေတပ်စုတွင် လေယာဉ် ၂၅ စီးသာရှိပြီး လန်ဒန်မြို့ဘက်သို့ ချဉ်းကပ်လာနိုင်သည့် ဆဂ်ဆက်စ်ခရိုင်၊ ကန့်ခရိုင်၊ ဆားရ်ဆက်စ်ခရိုင်နဲ့ ဟမ့်မ်ရှားရ်ခရိုင်တို့ကို ကာကွယ်ထားပါသည်။ အင်္ဂလန်၏ ကံကြမ္မာသည် အဆိုပါလေတပ်စု အပေါ်အကြီးအကျယ် မူတည်ခဲ့သည်။ လေတပ်စုကို လေတပ် ဒုတိယစစ်သေနာပတိ ပတ်ခ်မှ ခြောက်လလုံးလုံး ကြီးကြပ်ထားပါသည်။ ဒန်းကပ်တိုက်ပွဲအစ လေကြောင်းတိုက်ပွဲများကို ဗိုလ်ချုပ် ပတ်ခ် ကိုယ်တိုင်ဦးစီး တိုက်ပွဲဝင်ခဲ့ပြီး သူ့အစီအစဉ်များ လက်နက်တပ်ဆင်မှုများဖြင့် ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့သည်။ ထိုအချိန်တွင် ကျွန်ုပ်သည် ဇနီးသည်နှင့်အတူ မြေအောက်  ပေ ၅၀ တွင်ရှိသော ဗုံးခိုကျင်းထဲမှာ ရှိနေခဲ့သည်။ ဟယ်ရီကိန်းနှင့် စမစ်ဖိုင်းယား တိုက်လေယာဉ်တို့သည် တည်ဆောက်မှုနှင့် စစ်ကစားမှုတို့တွင် တွင်သာသော်လည်း တိုက်ပွဲတွင် ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ကြ။ သို့သော်ငြား မြေအောက်ထိန်းချုပ်ရေးဌာနနှင့် တယ်လီဖုန်းကြိုးတို့ကို စစ်ကြီးမဖြစ်ခင်းတည်းက ဒေါင်းနင်း၏ အကြံနှင့် စိတ်အားထက်သန်စွာ လေတပ်ဌာနမှ တည်ဆောက်ထားပြီးဖြစ်သည်။ 


ဂျာမန်တို့ကို ခုခံတိုက်ခိုက်နိုင်သဖြင့် အားလုံးယုံကြည်ချက်ရှိလာခဲ့သည်။ ထိုအချိန်က အင်္ဂလန်ပြည် တောင်ပိုင်းတွင် အမှတ် ၁၁ လေတပ်ဌာနချုပ်ရှိပြီး လက်အောက်ခံ လေတပ်ဌာန ၆ ခုရှိသည်။ စတန်မိုးတွင် ရှိသည့် အထူးကွပ်ကဲမှုဌာနအမိန့်ဖြင့် လေယာဉ်မှုးများကို လေ့ကျင့်ပေးခဲ့ပြီး လေယာဉ်မှုးများမှာ အမှတ် ၁၁ လေတပ်ဌာနမှ ခွာကာ တနိုင်ငံလုံးရှိ လေတပ်ဌာနများသို သွားရောက် တာဝန်ထမ်းဆောင်ရသည်။


စစ်ဆင်ရေးအစည်းအဝေးခန်းမသည် ပေ ၆၀ ခန့်ရှည်သော ပြဇာတ်ရုံအသေးစားလေးဖြစ်ပြီး နှစ်ထပ်အဆောက်အဦးဖြစ်သည်။ ကျွန်ုပ်တို့ ပြဇာတ်ရုံရှေ့တန်းခုံတွင် နေရာယူလိုက်ကြသည်။ အောက်ဘက်တွင် ကြီးမားသော စားပွဲခုံတခုရှိပြီး ပတ်ပတ်လည်တွင် ကျနစွာ လေ့ကျင့်ထားသော လေယာဉ်မှုး လူငယ်လေးများနှင့် မိန်းကလေးများသည် သူတို့၏ ဆက်သွယ်ရေးအကူတို့နှင့်အတူ စုဝေးရောက်ရှိနေကြသည်။ ကျွန်ုပ်တို့၏ မျက်နှာချင်းဆိုင်တွင် ကန်လန်ကာဖြင့် ကာထားပြီး ထိုရှေ့တွင် ကြီးမားသော ကျောက်သင်ပုန်းတချပ်ရှိလေသည်။ အဆိုပါ ကျောက်သင်ပုန်းပေါ်တွင် ကော်လံခြောက်ခုရှိပြီး တခုချင်းစီတွင် လက်အောက်ခံ လေတပ်များ ထမ်းဆောင်ရမည့် တာဝန်များကို သီးခြားစီဖော်ပြထားသည်။ အောက်ဆုံးတန်းရှိ မီးလုံးများသည် လေယာဉ်မှုးများကို အချက်ပေးခြင်းဖြစ်သည်။ နှစ်မိနစ်အတွင်း အချက်ပေးမှုကို အသင့်စောင့်ရန်၊ ငါးမိနစ်အတွင်း အဆင်သင့်ဖြစ်ရန်နှင့် မိနစ်နှစ်ဆယ်အတွင်း လေယာဉ်ပျံ ပျံတက်သွားပြီး တိုက်ပွဲဝင်ရန်ဖြစ်သည်။ နောက်ထပ်တန်းတခုတွင် ရန်သူကို တွေ့လျှင် အနီရောင် မီးသီးများဖြင့် အချက်ပေးပြီး အပေါ်ဆုံးတန်းတွင် ဌာနကို ပြန်လာသော လေယာဉ်များ ရှိလျှင် အချက်ပေးရန်တို့ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝဲဘက် မှန်လုံခန်းထဲတွင် လေတပ်အရာရှိ လေးငါးယောက်ခန့် ရှိပြီး ကင်းတပ်ဖွဲ့မှ ပေးပိုးထားသော သတင်းအချက်အလက်များကို မှန်းဆခြင်း၊ ချိန်ညှိခြင်းတို့ ပြုလုပ်နေကြသည်။ ကျွန်ုပ်တို့၏ ရေဒါများသည် ချို့ယွင်းချက်များရှိသော်လည်း အင်္ဂလန်ပြည်ကို ရုတ်တရက်ဝင်ရောက် တိုက်ခိုက်နိုင်သည့် ဂျာမန်တို့၏ရန်ကို ကောင်းစွာ ထောက်လှမ်းနိုင်ပါသည်။ မှန်ပြောင်းများနှင် ဆက်သွယ်ရေးစက်များ ပါသော ကင်းထောက်များထံမှ အရေးကြီးသော သတင်းများ ပေးပို့သောကြောင့် ကျွန်ုပ်တို့သည် ကင်းထောက်များကိုလည်း အားထားရပါသည်။ ယခုအချိန် အတောအတွင်းမှာပင် ထောင်ပေါင်းများစွာသော သတင်းများကို လက်ခံရရှိခဲ့သည်။ အတွေ့အကြုံများသော ဆက်သွယ်ရေးသမားများသည် မြေအောက်ဌာနချုပ်မှာပင် သတင်းအချက်အလက်များကို လျှင်မြန်စွာ စစ်ဆေးပြီး တိကျသော အချက်အလက်များကို မိနစ်တွင်းချင်းပင် အောက်ဘက်ရှိ လေယာဉ်မှုးများနှင့် ဆက်သွယ်နေသော ဆက်သွယ်ရေးသမားများဆီသို့ တိုက်ရိုက်ပို့ပေးလေသည်။ ဤတာဝန်များကို မှန်လုံခန်းထဲရှိ အရာရှိတဦးမှ ကိုယ်တိုင် ကြီးကြပ်ပါသည်။ 


ကျွန်ုပ်တို့၏ လက်ယာဘက်တွင်လည်း မှန်လုံခန်းတခန်းရှိပြီး ကြည်းတပ်အရာရှိများရှိကာ လေယာဉ်ပစ် အမြှောက် အလက် ၂၀၀ ၏ အခြေအနေများကို ကွပ်ကဲနေသည်။ ညဘက်တွင် လေယာဉ်ပစ်အမြှောက်များသည် သတ်မှတ်ထားသော ဧရိယာတွင် ကင်းလှည့်နေသော ကျွန်ုပ်တို့၏ လေယာဉ်များကို ဂျာမန်လေယာဉ်များ အထင်ဖြင်း မှားယွင်းမပစ်ခတ်ရန်မှာ အလွန်အရေးကြီးပါသည်။ ဤအစီအစဉ်များကို စစ်ကြီးမဖြစ်မှီ တနှစ်ခန့်အလိုက ကျွန်ုပ် စတန်မိုးမြို့ရှိ ဒေါင်းနင်းထံသို့ အလည်သွားစဉ် သူရှင်းပြဖူးသော်လည်း ကျွန်ုပ် အကျွမ်းတဝင်မရှိခဲ့ပါ။ ထိုအစီအစဉ်များသည် လေတပ်နှင့် ကြည်းတပ်တို့ အစီအစဉ်တကျ ပေါင်းစပ် တိုက်ပွဲဖော်ကာ စစ်ပွဲအတွင်း အထိုင်ချကာ တိုက်ခိုက်ခဲ့သည့် နည်းဗျူဟာတခု ဖြစ်လာပြီး ယခင်က ကမ္ဘာတွင် မည်သည့်နိုင်ငံကမှ မကျင့်သုံးဖူးခဲ့သေးပါ။

THE BATTLE OF BRITAIN 3


"ဒီနေ့ ဘာတွေဖြစ်မလဲ ကျွန်တော်တော့ မသိဘူးဗျ။ ခုထိတော့ အားလုံး အေးအေးဆေးဆေးပဲ။" ဗိုလ်ချုပ်ပတ်ခ် ထိုသို့ ပြောဆိုခဲ့သည်ကို ကျွန်ုပ်တို့ မှတ်မိပါသေးသည်။ သို့သော် နောက် ၁၅ မိနစ်အတွင်း ရန်သူသတင်းလက်ခံနေသော ထောက်လှမ်းရေး တပ်သားများ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။ ပြင်သစ်ပြည် ဒီးရဲ့ပ်မြို့တွင်ရှိသော ဂျာမန်လေတပ်စခန်းမှ လေယာဉ်ပျံ အစင်း ၄၀ တိုက်ခိုက်ရန်ထွက်လာကြောင်း သတင်းရလေသည်။ ကျောက်သင်ပုန်းအောက်ဘက်ရှိ မီးလုံးများသည် လေယာဉ်မှုးများကို အမိန့် အသင့်စောင့်ရန် စတင်အချက်ပေးတော့သည်။ အစင်း ၂၀ အစင်း ၄၀ စသည်ဖြင့် အချက်ပေးသံများ တောက်လျှောက်ပေါ်လာပြီး နောက်ထပ် ၁၀ မိနစ်တွင် လေကြောင်းတိုက်ပွဲ အကြီးအကျယ် ဖြစ်တော့သည်။ ကောင်းကင်တခုလုံးလည်း နှစ်ဖက်လေယာဉ်ပျံများဖြင့် ရှုပ်ထွေးသွားတော့သည်။ 


နောက်ထပ် အချက်ပေးမှုတခုသည် အစင်း ၄၀၊ အစင်း ၆၀ စသည်ဖြင့်ဝင်ရောက်လာပြီး အစင်း ၈၀ တွင် ရပ်တန့်သွားသည်။ ထိုအချိန်တွင် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေသော လေယာဉ် ၄၊ ၅ စင်းခန့် အောက်ဘက်တွင် ကျန်ရှိပြီး ကျန်လေယာဉ်များအားလုံး လေထဲရောက်သွားပြီဖြစ်သည်။ အောက်ဘက်ရှိ စားပွဲခုံတွင် ဂျာမန်တို့ အဘက်ဘက်မှ ဝင်ရောက်တိုက်ခိုက်လာနိုင်သည့် လမ်းကြောင်းများကို မိနစ်နှင့်အမျှ တွက်ချက် မှန်းဆနေကြရသည်။ တနာရီကျော်ကြာသော ဤလေကြောင်းတိုက်ပွဲသည် အင်္ဂလန်ပြည်တွင် ဂျာမန်တို့နှင့် ပထမဦးဆုံး ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ပွဲထက် အနည်းငယ်မျှ ပိုကြာပြီး ကျွန်ုပ်တို့ မျှော်လင့်တကြီး အားထားခဲ့ရသော တိုက်ပွဲတခုလည်း ဖြစ်လေသည်။ ဂျာမန်တို့သည် လေယာဉ်အင်အားများစွာ ဖြည့်တင်းပြီိး နောက်ထပ် တိုက်စစ်တခုကို ထပ်ဖွင့်သောအခါ ကျွန်ုပ်တို့ လေယာဉ်များမှာ အသာစီးရရန် ပိုမိုခက်ခဲသွားတော့သည်။ ကျွန်ုပ်တို့လေယာဉ်များသည် မိနစ် ၇၀ သို့မဟုတ် မိနစ် ၈၀ အထိ လေထဲတွင် ပျံသန်းနိုင်သော်လည်း လက်နက်ခဲယမ်း ဖြည့်တင်းရန်အတွက်မူ ငါးမိနစ်လျှင် တခါ အခြေစိုက်စခန်းသို့ ပြန်လာရသည်။ ထိုအချိန်တွင် လန်းဆန်းတက်ကြွနေသော ဂျာမန်စစ်ကူလေယာဉ်များမှ လောင်စာဆီနှင့် ခဲယမ်းဖြည့်တင်းနေသော ကျွန်ုပ်တို့၏ လေယာဉ်များကို မြေပြင်ပေါ်မှာပင် ချေမှုန်းဖျက်ဆီးနိုင်သော အန္တရာယ်ရှိပြီး တချို့လေယာဉ်မှုးများ ကျဆုံးနိုင်သည်ကို ကျွန်ုပ်တို့ ခန့်မှန်းထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်  လောင်စာဆီနှင့် ခဲယမ်းဖြည့်တင်းမည့်လေယာဉ်များအား ထင်သာမြင်သာရှိသည့် နေ့အချိန်တွင် တချိန်တည်း စုပြုံဆင်းသက်မလာရန် အဓိက ညွှန်ကြားချက်များထဲမှ တခုအဖြစ် အမိန့်ပေးထားရလေသည်။ 


ထိုအချိန်တွင် ကျွန်ုပ်တို့၏ လေယာဉ်များ ရန်သူလေယာဉ်များနှင့် တိုက်ခိုက်နေကြောင်း အနီရောင်မီးသီးများက အချက်ပြနေသည်။ အောက်ဘက်တွင် ဆက်သွယ်ရေးတပ်သားများသည် အလုပ်ရှုပ်နေကြပြီး လျှင်မြန်စွာ ပြောင်းလဲနေသော အခြေအနေများကို တောက်လျှောက်သတင်းပေးနေကြသည့်အသံများ ဆူညံလာသည်။ လေတပ်ဒုတိယဗိုလ်ချုပ် ပတ်ခ်ပေးသည့် လေယာဉ်များတိုက်ပွဲဝင်ရမည့် ပုံစံကို ကျွန်ုပ်တို့ဘက်ခြမ်းတွင် ရှိနေသည့် ငယ်ရွယ်သော အရာရှိတယောက်မှ တိတိကျကျ လေယာဉ်အုပ်စုများထံ တဆင့်ခံအမိန့်ပေးနေသည်။ နောင်နှစ်အနည်းငယ်ကြာတော့မှ ကျွန်ုပ် သူ့နာမည်ကို မေးမိသည်။ သူ့၏ နာမည်မှာ လော့ဒ် ဝဲလောက်ဒ် ဘိုင်ဒီဘရုဒ် ဖြစ်သည်။ (၁၉၄၇ ခုနှစ် ဂျောကီကလပ်တွင် ပြန်တွေ့သောအခါ သူသည် လေတပ်မှုးရာထူးသို့ ရောက်ရှိနေပြီး ကျွန်ုပ်ကို မြင်းပွဲကြည့်ရန် ဖိတ်ခေါ်လေသည်။ ကျွန်ုပ် ထိုစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသောအခါ သူ အံ့သြနေသည်။) အရာရှိငယ်လေးသည် မြေပုံစားပွဲပေါ်မှ ရလာသော နောက်ဆုံးသတင်းမှန်သမျှကို ကြည့်ကာ ရှေ့ဆုံးမှ ပျံသန်းနေသော လေယာဉ်မှုးတယောက်ချင်းစီသို့ အမိန့်များ ပေးနေသည်။ လေတပ်ဗိုလ်ချုပ်သည် စားပွဲခုံနောက်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော်လည်း မျက်လုံးများက လက်ထောက် ဗိုလ်ချုပ်၏ တိုက်ပွဲကြီးကြပ်နေမှုများကို လှမ်းကြည့်နေသည်။ တခါတရံ ရန်သူခြိမ်းခြောက်လာသော ဧရိယာကို ကာကွယ်ရန် လေယာဉ်မှုးများကို ကိုယ်တိုင် ကြီးကြပ် အမိန့်ပေးသည်။ တခဏကြာသောအခါ ကျွန်ုပ်တို့ လေယာဉ်အချို့သည် လောင်စာဆီဖြည့်တင်းရန် ပြန်လှည့်လာကြပြီဖြစ်သည်။ မြေပြင်တွင် လေယာဉ်ရှိသေးကြောင်း အချက်ပြသည့် မီးသီးများလည်း မှိတ်နေပြီ။ လေယာဉ်အားလုံး လေထဲတွင် တိုက်ပွဲဝင်နေကြသည်။ ဌာနချုပ်တွင်လည်း လေယာဉ်မှုး တယောက်မှ မရှိတောပေ။ ထိုအချိန်တွင် ဗိုလ်ချုပ်ပတ်ခ်က စတန်မိုးမြို့ရှိ ဒေါင်းနင်းထံသို့ ဆက်သွယ်ကာ အမှတ် ၁၂ လေတပ်မှ လေယာဉ်သုံးစင်း စစ်ကူတောင်းကာ ဆီဖြည့်ခြင်းနှင့် လက်နက်ခဲယမ်းဖြည့်တင်းနေသော အမှတ် ၁၁ လေတပ် လေယာဉ်များကို ဂျာမန်တို့ တိုက်စစ်မှ ကာကွယ်ပေးရန် အကူအညီလှမ်းတောင်းလေသည်။ သူတို့ထံမှ အကူအညီရခဲ့ပါသည်။ အမှတ် ၁၂ လေတပ် လေယာဉ်များသည် အထူးသဖြင့် အမှတ် ၁၁ လေယာဉ်ကွင်း၊ လန်ဒန်မြိှု့နှင့် ကြံခိုင်ရေးစစ်ဆေးနေသော ကျွန်ုပ်တို့၏ လေယာဉ်များကို သေသေချာချာ ကာကွယ်ပေးထားရန်လိုပါသည်။

THE BATTLE OF BRITAIN 4


ဗိုလ်ချုပ် ပတ်ခ်ထံမှ အမိန့်များကို လေယာဉ်မှူးများထံ ပေးနေသည့် အရာရှိငယ်လေး၏ အသံမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ မကြာမှီမှာပင် စစ်ကူလေယာဉ်သုံးစင်းလည်း ပြန်ထွက်သွားတော့သည်။ ကျွန်ုပ်၏ နောက်တွင် ထိုင်နေသည့် ဗိုလ်ချုပ်ပတ်ခ် အဘယ်မျှ ဗျာပါရများနေမည်နည်းဟု သိချင်လာသည်။ ယခုတိုင် ကျွန်ုပ်လည်း ငြိမ်သက်စွာ စောင့်ကြည့်နေမိသည်။ 


ထို့နောက် ကျွန်ုပ် စကားစလိုက်သည်။

" စစ်ကူတွေ ထပ်ရနိုင်သေးလား "


" မရှိတော့ဘူး ဆရာ " ဟုသာ ဗိုလ်ချုပ်ပတ်ခ်က ပြန်ဖြေသည်။ 


ထို့နောက် သူက လေယာဉ်စီးရေများကို ရေးမှတ်နေပြီး ကျွန်ုပ်ကို ကြည့်ကာ ပြောသည်။


" ဆရာ့ ကြည့်ရတာ စိတ်ပူနေတဲ့ပုံပဲ "


ဟုတ်ပါသည်။ ကျွန်ုပ်တို့၏ ဆီဖြည့်တင်းနေသော လေယာဉ်များကို ဂျာမန်လေယာဉ် အစင်း ၄၀ သို့ ၅၀ ခန့်က ဝင်ရောက်ချေမှုန်းလျှင် အပျက်အစီးနည်းအောင် မည်သို့ ကာကွယ်ရမည်နည်း။ ရင်ထိတ်နေရသည်။ ကျွန်ုပ်တို့၏ ပိုင်နက်များကို ကာကွယ်ရန် အခက်တွေ့နိုင်သည်။ ကံတရားပေါ်တွင် လောင်းကြေး ထပ်ထားရသည်။ 


နောက်ထပ် ငါးမိနစ်ခန့် ကြာသောအခါ ကျွန်ုပ်တို့၏ လေယာဉ်များ ဆီဖြည့်ရန် ဆင်းသက်လာကြသည်။ အခြေအနေများအရ ကျွန်ုပ်တို့၏ လေယာဉ်ပစ် အမြှောက်များက လေယာဉ်များကို လုံခြုံအောင် ကာကွယ်ပေးထားနိုင်စွမ်းမရှိပါ။ ထိုအချိန်တွင် ဂျာမန်လေယာဉ်များလည်း အခြေစိုက်စခန်းများသို့ ပြန်ကြသည်ဟု သတင်းများရရှိလေသည်။ အောက်ဘက် စာပွဲခုံရှိ ရေဒါများက ကျွန်း၏ အရှေ့ဘက်သို့ ဂျာမန်လေယာဉ်များ ပျံဝဲသွားကြောင်းကို ဖမ်းယူရရှိသည်။ နောက်ထပ် ထိုးစစ် မဆင်တော့ချေ။ နောက် ဆယ်မိနစ်ခန့် ကြာသောအခါ လေကြောင်းတိုက်ပွဲ ပြီးဆုံးသွားတော့သည်။ ကျွန်ုပ်တို့လည်း မြေအောက်မှ အပေါ်သို့ ရောက်ရှိချိန်တွင် " အားလုံး ရှင်းသွားပြီ " ဟူသော အော်သံများပေါ်ထွက်လာသည်။ 


" ဆရာ့ ဒီလိုမြင်တာကို ကျွန်တော်တို့ အားလုံး ဝမ်းသာပါတယ်ဗျာ " ဟု ဗိုလ်ချုပ်ပတ်ခ်က ပြောသည်။ 


" ဒါပေါ့ကွာ။ လွန်ခဲ့တဲ့ မိနစ် နှစ်ဆယ်တုန်းက ရခဲ့တဲ့ သတင်းတွေကို နားထောင်ပြီး ငါ့ရင်ထဲ ထိတ်နေရတာ။ ဒီအခြေအနေက ငါတို့ရဲ့ လက်ရှိ လေတပ်အင်အားမှာ အကန့်အသတ် ရှိနေဆဲဆိုတာ ခင်ဗျားကို မီးမောင်းထိုးပြလိုက်တာပဲ။ ဒီနေ့တော့ ဂျာမန်တွေ သူတို့ရဲ့ ပိုင်နက်အပြင်မှာ အရှုံးနဲ့တွေ့သွားတာပေါ့။ " 


တိုက်ပွဲရလဒ်များအား ကျွန်ုပ်တို့ဆီ ရောက်လာပြီလားဟု မေးမိသော်လည်း ဂျာမန်တို့၏ လေကြောင်းတိုက်ခိုက်မှုကို ကျေနပ်ဖွယ်ကောင်းအောင် ခုခံနိုင်လိုက်ကြောင်း သတိထားမိပါသည်။ ဗိုလ်ချုပ်ပတ်ခ်ကမူ ကျွန်ုပ်တို့၏ လေယာဉ်များက ဂျာမန်တို့ကို ကြားဖြတ်မတိုက်နိုင်သဖြင့် သူသိပ်အားမရကြောင်း ပြောပါသည်။ ဤအဖြစ်အပျက်က ကျွန်ုပ်တို့၏ ခံစစ်ကြောင်းများကို ဂျာမန်တို့ အဘက်ဘက်မှ ထိုးဖောက်ခဲ့ကြောင်းပြနေသည်။ ဂျာမန် ဗုံးကြဲလေယာဉ်များနှင့် ဖိုက်တာလေယာဉ် အတော်များများသည် လန်ဒန်မြို့ပေါ်ထိတိုင်အောင် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် လန်ဒန်မြို့ပေါ်မှ ဂျာမန်လေယာဉ် တဒါဇင်မျှ ကျွန်ုပ် မြေအောက်တွင်ရှိတုန်း ပစ်ချခံခဲ့ရသည်။ တိုက်ပွဲရလဒ်၏ အပျက်အစီး အဆုံးအရှုံး ဓာတ်ပုံများ စာရင်းများကိုမူ လက်ဝယ်မရရှိသေးပေ။

THE BATTLE OF BRITAIN


ထိုအချိန်တွင် လေးနာရီခွဲနေပါပြီ။ ကျွန်ုပ် ချက်ကွာစ်မြို့သို့ မပြန်မှီ တရေးအိပ်လိုက်သေးသည်။ ၈နာရီမှ နိုးတော့သည်။ အမှတ် ၁၁ လေတပ်ဖွဲ့၏ စွန့်စားခန်းက ကျွန်ုပ်ကို ရင်တထိတ်ထိတ်ဖြစ်စေလေသည်။ ကျွန်ုပ် ဖုန်းဆက်လိုက်သောအခါ ကျွန်ုပ်၏ အထွေထွေအတွင်းရေးမှူး မာတင်ရောက်လာလေပြီး ကမ္ဘာအရပ်ရပ်ရှိ ဗြိတိသျှတပ်များ၏ အခြေအနေကို တင်ပြလေသည်။ ကြားရသည်မှာ နားမချမ်းသာစရာတွေသာ ဖြစ်သည်။ အင်္ဂလန်ကျွန်းတွင်သာ စစ်ရေး အခြေအနေကောင်းပြီး ကျန်နေရာများတွင် စိတ်ဓာတ်ကျဖွယ် သတင်းများသာ ဝင်ရောက်လာသည်။ အဆိုးဆုံးမှာ အတ္တလန်တစ်တွင် သဘောင်္များ နစ်မြုပ်သွားသည့် သတင်းဖြစ်သည်။ 


" ဒါပေမဲ့ လေတပ်ကတော့ ကောင်းကောင်း အနိုင်ယူလိုက်ပါတယ်။ ကျွန်တော်တို့ ဂျာမန်လေယာဉ် တရာရှစ်ဆယ့်သုံးစင်းကို ပစ်ချနိုင်ပြီး အဆုံးအရှုံးက အစင်းလေးဆယ်အောက်ပဲ ရှိပါတယ် " 

မာတင်က အစီရင်ခံစာကို အဆုံးသတ်ပါသည်။


သို့သော် စစ်ကြီးအပြီး ထုတ်ပြန်သော မှတ်တမ်းများတွင် ထိုနေ့က ဂျာမန်လေယာဉ် ငါးဆယ့်ခြောက်စင်းသာ ဆုံးရှုံးသည်ဟု ထုတ်ပြန်ကြေညာသည်။ စက်တင်ဘာ ၁၅ ရက်သည် အင်္ဂလန်ကျွန်း တိုက်ပွဲ၏ အရေးကြီးသော အစိတ်အပိုင်းတခု ဖြစ်လေသည်။ ထိုနေ့ညတွင် ကျွန်ုပ်တို့၏ လေတပ်မှ အင်အားကြီးစွာဖြင့် ဘူလန်ညီမြို့မှ အန်ဗဲ့ရ်မြို့တိုင်အောင် ဗုံးကြဲလေသည်။ အထူးသဖြင့် အန်ဗဲ့ရ်မြို့တွင် ရန်သူတို့ အပျက်အစီးများလေသည်။ စက်တင်ဘာ ၁၇ တွင် ဟစ်တလာမှ ပင်လယ်ခြင်္သေ့ စစ်ဆင်ရေးကို ဆိုင်းငံ့သည်ဟု မသေမချာ ကြားသိရသည်။ တိုက်ခိုက်မှုများက အောက်တိုဘာ ၁၈ ရက်နေ့ထိ ဖြစ်ပေါ်နေပြီးနောက် စစ်ဆင်ရေးကို နွေဦးရာသီအထိ ရွှေ့ဆိုင်းသည်ဟု ဂျာမန်တို့က တရားဝင်ထုတ်ပြန်သည်။ ၁၉၄၁ ဂျူလိုင်တွင် ဟစ်တလာက စစ်ဆင်ရေးကို ၁၉၄၃ နွေဦးထိ ဆိုင်းငံ့ကြောင်း ထပ်မံကြေငြာသည်။ ထိုအချိန်တွင် ဟစ်တလာက ရုရှားပြည်ကို သိမ်းပိုက်ပြီးဖြစ်မည်ဟု ယုံကြည်လေသည်။ ၁၉၄၂ ဖေဖေါ်ဝါရီ ၁၃ တွင် ရေတပ်ဗိုလ်ချုပ်ကြီး ရွယ်ဒါက ပင်လယ်ခြင်္သေ့ စစ်ဆင်ရေးအခြေအနေကို ဟစ်တလာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဟစ်တလာမှ ရုတ်သိမ်းရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ပင်လယ်ခြင်္သေ့ စစ်ဆင်ရေးသည် အဆုံးသတ်လေသည်။ ထို့အပြင် စက်တင်ဘာ ၁၅ ရက်နေ့ တိုက်ပွဲသည် ပင်လယ်ခြင်္သေ့ စစ်ဆင်ရေး၏ မွန်းတည့်ချိန်တွင်နေဝင်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်အမှတ်ရမိပါသည်။ 


(THE BATTLE OF BRITAIN BY WINSTON S. CHURCHILL)