အေဒီ ၁၅၉၂ တွင် ကိုရီးယားကို ဂျပန်တို့၀င်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ရာမှ ကိုရီးယားဂျပန်စစ်ပွဲ (ဂျိုဆွန်း -ဂျပန်စစ်ပွဲ) ဖြစ်ပွားခဲ့ရသည်။ နောက်ပိုင်းတွင် တရုတ်ပြည် မင်မင်းဆက်မှ ကိုရီးယားတို့ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သည်။ ထိုစစ်ပွဲများအတွင်း ဂျပန်ရေတပ်သဘောင်္အများစုကို နှစ်မြှုပ်နိုင်ခဲ့သော ဂျိုဆောင်ရေတပ်မှာ နာမည်ကျော်ကြားခဲ့သည်။ ဂျပန်တို့သည် ကိုရီးယားကျွန်းဆွယ်ကို ပထမအကြိမ်ကျူးကျော်စစ်နှင့် ဒုတိယအကြိမ်ကျူးကျော်စစ်တို့ဖြင့် နှစ်ကြိမ်တိုင် သိမ်းပိုက်ရန် ကြိုးစားခဲ့လေသည်။ သို့သော် လူအင်အားများပြားလှသော တရုတ်တပ်တို့၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အောင်မြင်မှုမရရှိခဲ့ကြပေ။ စစ်ပွဲ၏ရည်ရွယ်ချက်မှာ ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်ပြည်မကြီးတို့ကို သိမ်းပိုက်အုပ်စိုးရန်ဖြစ်သည်။
ဂျပန်ရှိုဂွန်း၏ နောက်ထပ်ရည်ရွယ်ချက်မှာ အင်အားကြီးမားလာသော လက်အောက်ခံ ဒိုင်းမျော (ပြည်နယ်စစ်ဘုရင်) တို့၏ စစ်တပ်များ မိမိသြဇာကို အာမခံနိုင်စေရန် အာရုံလွှဲခြင်းဖြစ်သည်။ ထို့အပြင် ဂျပန်စစ်တပ်များသည် ပြည်တွင်းစစ်ပွဲများတွင် အတွေ့အကြုံများစွာ ရှိခဲ့ကြသောတပ်များလည်း ဖြစ်နေသည်။ ကိုရီးယားကို မကျူးကျော်မီ ဂျပန်တို့နှင့် ပူးပေါင်းကာ တရုတ်ပြည်ကို ၀င်ရောက်တိုက်ခိုက်ရန်အတွက် သံတမန်များစေလွှတ်ကာ စည်းရုံးခဲ့သည်။ ကိုရီးယားက လက်မခံခဲ့သဖြင့် ကိုရီးယားကိုပါ ၀င်တိုက်ခြေကုပ်ယူ၍ တရုတ်ပြည်ကို ကျူးကျော်ရန်ဖြစ်သည်။
လက်နက်အင်အား အနေအထားတွင် ကိုရီးယားတို့သည် တရုတ်ပြည်မှရသော ယမ်းပေါက်ကွဲစေသော အတတ်ပညာများဖြင့် ရေတပ်တွင် သိသိသာသာတိုးတက်လာခဲ့သော်လည်း ကြည်းတပ်ရှိလက်နက်များမှာ ခေတ်နောက်ကျပောင်းနွမ်းနေသော မီးပေါက်သေနတ်အများစုသာ ရှိခဲ့သည်။ လက်နက်အင်အားတွင်မလုံလောက်ခဲ့သလို လေ့ကျင့်မှုများတွင်လည်း အားနည်းခဲ့ကြပြီး ခံတပ်နံရံများနောက်တွင် အထိုင်ချ တိုက်ခိုက်သည့် ဗျူဟာတွင်သာ အားသာခဲ့ကြသည်။ ကိုရီးယားရေတပ်၏ အမြှောက်တင်စစ်သဘောင်္များ တည်ဆောက်မှုနှင့် လက်နက်တပ်ဆင်မှုအပိုင်းတွင် တရုတ်နှင့် ဂျပန်တို့ထက် နည်းပညာတိုးတက်ခဲ့သည်။ တစ်ဖက်တွင် ဂျပန်တို့ ကိုင်ဆောင်သော တူမီးသေနတ်များမှာ ထိုအချိန်အခါက ခေတ်မှီသော လက်နက်များဖြစ်ပြီး စစ်မြေပြင်တွင်လည်း တူမီးသေနတ်များကို ကိုရီးယားတို့ထက် ပိုမို အသုံးချနိုင်ခဲ့ကြသည်။ တူမီးသေနတ်များဖြင့် အတန်းလိုက် ရှေ့တန်း အလယ်တန်း နောက်တန်း ပစ်ခတ်သည့်စနစ်ကိုလည်း ကျွမ်းကျင်စွာ အသုံးချတတ်ကြပြီး ဖြစ်သည်။
(ဂျပန်တို့တွင် တူမီးသေနတ် ပြုလုပ်ယမ်းစပ်၍ ပစ်ခတ်သည့် နည်းပညာကို ၁၅၄၃ တွင် ပေါ်တူဂီတို့ထံမှ ရရှိခဲ့သည်။ထို့နောက် လက်နက်ပြုလုပ်တတ်သူ ပေါ်တူဂီတစ်ဦးကို ဂျပန်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ချပေးကာနည်းပညာကိုရယူခဲ့သည်။)
အခြေအနေအရပ်ရပ်ကို ခြုံကြည့်သော် ဂျပန်တို့က မြေပြင်တပ်အင်အားတွင်သာလွန်မှုရှိကာ ကိုရီးယားတို့က ရေတပ်တွင် သာလွန်ခဲ့လေသည်။
စစ်ပွဲမှာ ဂျပန်ရှိုဂွန်း တိုယော်တိုမိ ဟိဒေ့ယောရှိ ကွယ်လွန်သောအခါမှသာ ဂျပန်တပ်များ ကိုရီးယားမှ ဆုတ်ခွာခဲ့ကြသည်။ ကိုရီးယားကို ကျူးကျော်နေစဉ် အတွင်းတွင် ဂျပန်တပ်မှူးများ စိတ်သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့ကြပြီး ဂျပန်ရှိုဂွန်း တိုယော်တိုမိ ဟိဒေ့ယောရှိ ကွန်လွန်သောအခါ ဂျပန်ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားခဲ့သည်။ ဂျပန်ရှိုဂွန်းတိုယော်တိုမိ ဟိဒေ့ယော့ရှိ၏ မျိုးဆက်များမှာ သုတ်သင်ရှင်းလင်းခံရပြီး နောက်တက်သည့်ရှိုဂွန်း တောခုဂါ၀ အိအဲယဆု၏ မျိုးဆက်များမှ အာဏာကို နှစ်ပေါင်းသုံးရာခန့် စီမံအုပ်ချုပ်ခဲ့သည်မှာ မဲဂျီခေတ်ဦးအထိပင်ဖြစ်သည်။ ကိုရီးယားနှင့် တရုတ်တို့မှာလည်း အင်အားနည်းသွားခဲ့ပြီး ကိုရီးယားမြောက်ပိုင်းရှိ မန်ချူးများ အင်အားကောင်းလာကာ ၁၆၁၈ နောက်ပိုင်းတွင် တရုတ်တို့နှင့် ပဋိပက္ခများဖြစ်၍ နယ်စပ်များတွင် တိုက်ပွဲများဆက်တိုက်ဖြစ်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် ကိုရီးယားကို ၁၆၃၇ တွင် သိမ်းပိုက်ခဲ့ပြီး တရုတ်ပြည်ကို ၁၆၄၄ တွင် သိမ်းပိုက်ခဲ့ကာ ကွင်မင်းဆက်(မန်ချူးမင်းဆက်)ကို ထူထောင်နိုင်ခဲ့လေသည်။
(ဟိဒေ့ယော့ရှိသည် ဂျပန်ပြည်ကို စတင်စုစည်းသည့် ရှိုဂွန်းသုံးဦးတွင် ဒုတိယမြောက်ရှိုဂွန်းဖြစ်သည်။ ဆင်းရဲသော တောင်သူလယ်သမားဘ၀မှ စစ်ဘုရင်တစ်ဦးအဖြစ် ရောက်ရှိခဲ့သူလည်းဖြစ်သည်။ ဂျပန်ပြည်ကို စတင်စုစည်းခဲ့သည့် အိုဒနော်ဘုနဂ၏ သစ္စာရှိဗိုလ်ချုပ်လည်းဖြစ်သည်။)
ပထမအကြိမ် ကျူးကျော်စစ်တွင် ဂျပန်တပ်မကိုးခု၊ အင်အား ၁၅၈၇၀၀ ပါ၀င်သည်။ ၁၅၉၂ခုနှစ် ဧပြီ ၁၃ တွင် အမှတ်တစ်တပ်မမှ ဂျပန်တပ်မှူး ကိုနိရှီ ယုဂီနာဂသည် အင်အား ၇၀၀၀ ကိုဦးဆောင်ကာ ဆူရှီးမားမှ ထွက်ခဲ့ပြီး ညနေပိုင်းတွင် ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ကိုရီးယားတို့မှ ဂျပန်တို့သည် တရုတ်ပြည်ကို တိုက်ခိုက်ရန်အတွက် ခေတ္တနားနေသည်အထင်ရှိကာ ခုခံရန်အတွက် စစ်ပြင်ဆင်ခြင်း မပြုထားခဲ့ချေ။ ဂျပန်တို့ ကိုရီးယားသို့ နောက်ဆုံးအကြိမ် သံတမန်စေလွှတ်ခဲ့ရာတွင် တရုတ်ပြည်သို့သွားရန် ဂျပန်တပ်များ ခဏတာအနားယူမည့် အကြောင်းကိုပါ ဆွေးနွေးပြောဆိုခဲ့ကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကိုရီးယားရေတပ်ဗိုလ်ချုပ် ၀န်ဂျွန်းမှ သံသယရှိကာ ကိုရီးယားရေတပ်သင်္ဘောများကို ဆိပ်ကမ်းမှ ရှောင်ရှားစေခဲ့သည်။ နောက်ထပ်ဂျပန်စစ်သင်္ဘောအစင်း ၁၀၀ ရောက်ရှိလာမှ ကိုရီးယားတို့အခြေအနေကို နားလည်ကာ စစ်ပြင်ဆင်ကြသည်။ ဂျပန်တပ်များက နောက်တစ်နေ့ မနက်မှာပင် ဒေါင်းနေးခံတပ်ကို ၀င်တိုက်ခိုက်ရာ ကိုရီးယား ၈၅၀၀ ကျော် ကျဆုံးကာ ရှုံးနိမ့်ခဲ့ရသည်။ မေလ ၂၅ တွင် အမှတ်တစ်တပ်မမှ တပ်များထပ်မံရောက်ရှိလာပြီး ဒေါင်းနေးမြို့ကို တိုက်ခိုက်ရာ ကိုရီးယားစစ်သား ၃၀၀၀ ကျော် ကျဆုံးကာ ဂျပန်လက်အောက်ကျရောက်ခဲ့တော့သည်။ ထို့နောက် မေလ ၂၈ ရက်နောက်ပိုင်းတွင် ဂျပန်တပ်မများထပ်မံရောက်ရှိလာခဲ့သည်။
ဂျပန်တပ်များ၏ တိုက်ခိုက်မှုကြောင့် တပ်ပျက်ပြီး ဆုတ်ခွာခဲ့ရသော ကိုရီးယားတပ်သားများကို စုစည်း၍ခုခံရန် ကိုရီးယားနန်းတွင်းက ဗိုလ်ချုပ်ရီကို ညွှန်ကြားခဲ့သည်။ ဗိုလ်ချုပ်ရီမှ ရသမျှ တပ်သားများကိုစုစည်းသော်လည်း အင်အားမှာ စုစုပေါင်း ၁၀၀၀ မျှသာ ရှိခဲ့တော့သည်။ ဗိုလ်ချုပ်ရီ၏ တပ်သည် ဆန်ဂျူးအရပ်ရှိ တောင်ကုန်းနှစ်ခုပေါ်တွင် ခံစစ်ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ဂျပန်တို့၏ မီးပေါက်သေနတ်များ ပစ်အားကို မယှဉ်နိုင်ခဲ့သည့်အပြင် ရှေ့မျက်နှာစာနှင့် ဘေးဘယ်ညာတို့မှပါ ဝိုင်းပါတ်တိုက်ခိုက်မှုတို့ကြောင့် တပ်သား ၇၀၀ ကျော်ကျဆုံးကာ ဆုတ်ခွာခဲ့ရသည်။
ကိုရီးယားနန်းတွင်းမှ နောက်ထပ်စစ်ကြောင်းအဖြစ် ဗိုလ်ချုပ် ရှင်ရိ ကို ဦးဆောင်စေလျက် အင်အားတစ်သိန်းခန့် ပါ၀င်သော မြင်းတပ်ဖြင့် ဂျပန်တပ်တို့ကို ပြန်လှန်တိုက်ခိုက်ရန် စေလွှတ်ခဲ့ပြန်သည်။ သို့သော်လည်း ဗိုလ်ချုပ် ရှင်ရိတပ်တွင် အရေးပေါ်စုဆောင်းထားသော တပ်သားသစ်အများအပြားလည်း ပါ၀င်လာခဲ့သည်။ ဂျပန်တို့၏ တိုက်တိုင်းနိုင်သတင်းများကြောင့်လည်း ကိုရီးယားတပ်သားများမှာ ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်ရှင်ရိမှ အသေခံတိုက်မည့်သဘောနှင့် ချန်ဂျူးအရပ်ရှိ မြစ်နှစ်သွယ်အဆုံ Y ပုံသဏ္ဍာန်နေရာတွင် ခံစစ်ပြင်ထားခဲ့သည်။ ဂျွန်လ ၅ ရက်တွင် အင်အား ၁၈၀၀၀ကျော်ပါသော ဂျပန် ဗိုလ်ချုပ် ကိုနီရှီ ယုဂီနဂ ၏ အမှတ်တပ်မသည် ချန်ဂျူး၀န်းကျင်သို့ ညပိုင်းတွင် ရောက်ရှိလာခဲ့သည်။ နောက်တစ်နေ့ နေ့လည်တွင် ဂျပန်တပ်တို့က စစ်ကြောင်းသုံးကြောင်းခွဲ၍ ကိုရီးယားတပ်တို့ကို စတင်တိုက်ခိုက်ခဲ့သည်။ လူအင်အားများသော ကိုရီးယားတို့မှ ခုခံသော်လည်း ကိုရီးယားတပ်တို့ရှိ မြှားများမှာ ဂျပန်တပ်တို့နေရာအထိ ရောက်အောင် မပစ်နိုင်ကြောင်းကို ထိုအချိန်တွင် သိလိုက်ကြရသည်။ မျှော်မှန်းမထားသော အခြေအနေတွင် ဂျပန်တို့၏ ဝိုင်းပါတ်တိုက်ခိုက်သော နည်းဗျူဟာကြောင့် မြစ်ဆုံတွင် ခံစစ်အားပြုနေသော ကိုရီးယားတပ်တို့မှာ ဖရိုဖရဲဖြစ်ကာ အကျအဆုံးများသွားခဲ့ပြီး တပ်လည်းပျက်သွားခဲ့သည်။ ဗိုလ်ချုပ် ရှင်ရိမှာလည်း မျှော်လင့်မထားသော အရှုံးကြောင့် မြစ်အတွင်းမှာပင် အဆုံးစီရင်သွားခဲ့သည်။ လက်ကျန်ကိုရီးယားတပ်သားများမှာ မြစ်ကို ဖြတ်ကူး၍ ဆုတ်ခွာကြသော်လည်း အများစုမှာ ရေနစ်သေဆုံးခဲ့ကြသလို ဂျပန်တပ်များကလည်း လိုက်လံသုတ်သင်မှုကြောင့် အနည်းငယ်သာ လွတ်မြောက်ခဲ့တော့သည်။ ချန်ဂျူးတိုက်ပွဲတွင် ကိုရီးယားတပ်အင်အားအများစုကို ဆုံးရှုံးခဲ့ကာ မြို့တော် ဟန်ဆောင်ကို ကာကွယ်ရန် အင်အားအလုံအလောက်မရှိတော့ချေ။
ချန်ဂျူးတိုက်ပွဲအပြီးတွင် ဂျပန်တပ်မှူးများကြား စိတ်၀မ်းကွဲမှု စတင်လာခဲ့သည်။ အမှတ်နှစ်တပ်မ ဗိုလ်ချုပ် ကာတို ခိယောမဆ နှင့် အမှတ်တစ်တပ်မ ဗိုလ်ချုပ် ကိုရှီနီ ယုဂီနဂ တို့ တိုက်ပွဲများအတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းကာ ဂုဏ်သိက္ခာအရ ပြိုင်ဆိုင်မှုတို့မှ စတင်အက်ကွဲလာရသည်။ ထို့ကြောင့် မြို့တော် ဟန်ဆောင်ကို အလျင်သိမ်းပိုက်ကြရန် ရှေ့ပြေးဂျပန်တပ်မများ အလုအယက်ချီတက်နေကြသည်။ ဗိုလ်ချုပ် ကာတို ခိယောမဆ၏ တပ်များသည် ဖြတ်လမ်းကို သိရှိခဲ့ကြကာ ရှေ့သို့ ဦးစွာ ရောက်ရှိခဲ့ကြသော်လည်း ဟန်မြစ်ကမ်းအရောက်တွင် မြစ်ကိုဖြတ်ကူးရန် အခက်အခဲဖြစ်ကာ ရပ်တန့်နေခဲ့တော့သည်။ ထို့ကြောင့် အပြိုင်ချီတက်လာခဲ့သော အမှတ်တစ်တပ်မက ဟန်ဆောင်ကို ဦးစွာ ရောက်ရရှိပြီး ခုခံတိုက်ခိုက်မှုအနည်းငယ်သာ ကြုံတွေ့ခဲ့ကာ သိမ်းပိုက်နိုင်လိုက်သည်။ နောက်တစ်နေ့တွင် အမှတ်နှစ်တပ်မ ရောက်ရှိလာပြီး အမှတ်သုံးနှင့် အမှတ်လေးတပ်မများလည်း ထပ်မံရောက်ရှိလာခဲ့တော့သည်။ အမှတ် ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်တပ်မကြီးလေးခုမှာလည်း ဘူဆန်တွင် ကမ်းတက်လာပြီး အမှတ်ကိုးတပ်မသည် အိကီကျွန်းတွင် အရန်သင့်ရှိနေသည်။
ကိုရီးယားဘုရင်နှင့် နန်းတွင်းအမတ်များမှာ ဂျပန်တပ်များ မရောက်ခင်နေ့မှာပင် မြို့တော်မှ ထွက်ခွာခဲ့ကြသည်။ ကိုရီးယားဘုရင်လည်း တော်၀င်မြင်းဇောင်းမှ မြင်းများ အခိုးခံရ၍ ခြေလျင်ထွက်ခွာခဲ့ရသည်။ မြို့တော်အတွင်းတွင်လည်း လုယက် မီးရှို့မှုများ ဖြစ်နေပြီး အရပ်သားများထံတွင်လည်း လက်နက်များရောက်ရှိနေတော့သည်။ ကိုရီးယားတော်၀င်မိသားစုနှင့် နန်းတွင်းအမတ်များ မြို့တော်မှထွက်ခွာပြီးချိန်တွင် ဟန်မြစ်ကြောင်းတစ်လျှောက် ခံစစ်ဆင်၍ ကာကွယ်နေသော ကိုရီးယားဗိုလ်ချုပ် ကင်မ်မြောင်၀န်းသည်လည်း တပ်နုတ်ကာ ဆုတ်ခွာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကင်မ်သည် လက်ကျန်တပ်များကို စုစည်းကာ အင်မ်ဂျွမ်းမြစ်မြောက်ဘက်ကမ်းတွင် ခံစစ်တစ်ခု ထပ်မံဆင်ထားပြန်သည်။