သုံးပြည်ထောင် ပဋိပက္ခ ၂

 


ဂျပန်အမှတ်တစ်တပ်မသည် ဟန်ဆောင်တွင် ခေတ္တအနားယူအင်အားဖြည့်သော်လည်း အမှတ်နှစ်တပ်မသည် မရပ်နားတော့ပဲ မြောက်ဘက်သို့ ဆက်လက်၍ချီတက်သွားခဲ့သည်။ အင်မ်ဂျွမ်းမြစ်ကမ်းသို့အရောက်တွင် ခံစစ်ပြင်ထားသော ဗိုလ်ချုပ် ကင်မ်မြောင်၀န်း၏ တပ်များနှင့် တွေ့ဆုံသောအခါ ကိုရီးယားတပ်များကို လက်နက်ချရန် ရာဇသံပေးခဲ့လေသည်။ ကိုရီးယားများမှ လက်နက်ချရန်ငြင်းဆန်ခဲ့သောကြောင့် ဂျပန်အမာခံတပ်များကို ပြန်ဆုတ်သယောင်ဟန်ပြကာ စစ်မြူခဲ့သည်။ ဂျပန်တပ်များ ပြန်လည်ထွက်ခွာသည် အထင်နှင့် အင်အား ၁၃၀၀၀ ရှိသည့် ကိုရီးယားတပ်များက တောင်ဘက်ကမ်းသို့ကူးလာကာ နောက်ချန်ဂျပန်တပ်များကို အာရုဏ်တက်ချိန်တွင် ၀င်ရောက်တိုက်ခိုက်တော့သည်။ ထိုအချိန်မှ ပုန်းအောင်းနေသော ဂျပန်အမာခံတပ်များလည်းထွက်လာပြီး ဂျပန်တပ်များနည်းဗျူဟာအတိုင်း မီးပေါက်သေနတ်များဖြင့် မီးကုန်ယမ်းကုန်ပစ်ခတ်တိုက်ခိုက်သဖြင့် ကိုရီးယားတပ်များ အကျအဆုံးများခဲ့ပြန်သည်။ ကိုရီးယားဗိုလ်ချုပ် ကင်မ်မြောင်၀န်းသည်လည်း ထွက်ပြေးခဲ့ရသည်။


ဂျပန်ဗိုလ်ချုပ်များသည်လည်း ကိုရီးယားတပ်များအခြေအနေကိုသိသွားကာ ကိုရီးယားကျွန်းဆွယ်ကို အပြီးသတ်တိုက်ပွဲများဆင်နွှဲရန် အစီအစဉ်များဆွဲတော့လေသည်။


အစီအစဉ်တွင် ဂျပန်အမှတ်တစ်တပ်မသည် ကိုရီးယားဘုရင်ကို ဖြုံယမ်းတွင် လက်ရဖမ်းရန်၊ ဂျပန်အမှတ်နှစ်တပ်မသည်  ဟမ်မ်ယောင်းခရိုင်ကို တိုက်ခိုက်ရန်၊ ဂျပန်အမှတ်ခြောက်တပ်မသည် ဂျိုလာခရိုင်ကို တိုက်ခိုက်ရန်၊ ဂျပန်အမှတ်လေးတပ်မသည် ဂွမ်၀န်းခရိုင်ကို တိုက်ခိုက်ရန်နှင့် ကျန်ရှိသည့် ဂျပန်အမှတ် သုံး၊ ငါး၊ ခုနစ်၊ ရှစ်တပ်မများသည် သိမ်းပိုက်ရရှိပြီးသော ဟွမ်န်ဝေးခရိုင်၊ ကျူချွန်းခရိုင်၊ ဂွန်ဆန်းန်ခရိုင်၊ ဂွန်န်ဂျင်းန်ခရိုင်တို့တွင် အရန်သင့်ပြင်ထားကြရန် ဟူ၍ဖြစ်သည်။


ဖြုံယမ်းမြို့ကို တိုက်ခိုက်ရန် ဗိုလ်ချုပ် ကိုနီရှီ ယုဂီနာဂ၏ အမှတ်တစ်တပ်မနှင့်အတူ ဗိုလ်ချုပ် ခူရိုဒါ နာဂမဆ ၏အမှတ်သုံးတပ်မသည်လည်း အတူချီတက်လာခဲ့သည်။ ကိုရီးယားဗိုလ်ချုပ်ရီနှင့် ဗိုလ်ချုပ် ကင်မ်မြောင်၀န်းတို့ ပူးပေါင်းကာ ဖြုံယမ်းတွင် အင်အား ၁၀၀၀၀ ဖြင့် ခံစစ်ကိုပြင်ဆင်ထားသည်။ လူအင်အား သုံးသောင်းနီးပါးရှိသည့် ဂျပန်တပ်မကြီးနှစ်ခုသည် တေးဒုံမြစ်ကမ်းသို့ရောက်ရှိလာသောအခါ မြစ်ကို ဖြတ်ကူးရန် လှေအလုံအလောက်မရသဖြင့် မြစ်ကမ်းမှာပင် တပ်ချရပ်နားနေခဲ့သည်။


ဂျပန်တပ်များတပ်ချရပ်နားသည့် သတင်းကို ဖြုံယမ်းရှိကိုရီးယားတို့ကြားသဖြင့် ညအချိန်တွင် မြစ်ကိုကူးကာ အလစ်၀င်တိုက်တော့သည်။ သို့သော် နိုးနိုးကြားကြားနှင့် သတိကောင်းသော ဂျပန်တပ်တို့အား အလစ်အငိုက်၀င်မတိုက်နိုင်သည့်အပြင် မြစ်ကို ဖြတ်ကူးနေသည့် ကိုရီးယားတပ်များပါ ပြန်လှန်တိုက်ခိုက် ခံခဲ့ရသည်။ နောက်ပိုင်းတပ်ကူများပါ တိုက်ခိုက်ခံရသဖြင့် တစ်ဖက်ကမ်းရှိကိုရီးယားတပ်များလည်း ဖြုံယမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့ရတော့သည်။ ဂျပန်တပ်များလည်း အောင်ပွဲအပြင် ကိုရီးယားတပ်များဖြတ်ကူးလာခဲ့သည့် တေးဒုံမြစ်အတွင်း ရေတိမ်သည့်နေရာများကိုပါ သိရှိသွားခဲ့သည်။ 


နောက်တစ်နေ့တွင် ဂျပန်တပ်များသည် ရေတိမ်သည့် နေရာများမှ မြစ်ကို ဖြတ်ကူးလာခဲ့တော့သည်။ ဖြုံယမ်းမြို့တွင်းရှိ ကိုရီးယားတပ်များမှာလည်း မခုခံတော့ပဲ တစ်ညလုံး ဆုတ်ခွာခဲ့ကြသည်။ ဂျူလိုင်လ ၂၀ ရက်နေ့တွင် ဂျပန် အမှတ်တစ်တပ်မနှင့် အမှတ်သုံးတပ်မသည် ဖြုံယမ်းကို အလွယ်တကူသိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင် မြို့တွင်းရှိ တန်ချိန် တစ်သိန်းနီးပါးရှိသော စစ်သုံးလက်နက်များနှင့် ရိက္ခာများကိုပါ အကောင်းပကတိ ရရှိခဲ့သည်။ 


ဖြုံယမ်းမြို့ကျဆုံးသွားပြီးနောက် ဂျပန်တပ်တို့ကို ရှိသည့်အင်အားဖြင့် ပြန်လှန်မတိုက်ခိုက်နိုင်တော့ကြောင်း  ကိုရီးယားများ သဘောပေါက်လာကြတော့သည်။ ထို့ကြောင့် ကိုရီးယားဘုရင် ဆွန်းန်ဂျွန်း သည် တရုတ်နယ်မြေသို့ ၀င်ရောက်ခိုလှုံကာ တရုတ်ပြည်မင်ဧကရာဇ် ဝေါင်းတိ ထံသို့ အကူအညီတောင်းခံခဲ့သည်။ ဧကရာဇ် ဝေါင်းတိ သည် မှူးမတ်များနှင့် တိုင်ပင်ကာ ကိုရီးယားတို့ဘက်မှ ကူညီရန်ဆုံးဖြတ်ခဲ့လေသည်။


မင်မင်းဆက်မှ ဖြုံယမ်းကျသည်ကို သိသည်နှင့် ဗိုလ်ချုပ် ဇိုချန်ချွီ ဦးစီးသော အင်အားငါးထောင်ပါ၀င်သော မြင်းတပ်ကို စေလွှတ်လိုက်သည်။ သို့သော် ဖြုံယမ်းတွင် အင်အားစုမိနေသော ဂျပန်တပ်မများနှင့် တွေ့ကာ တရုတ်ဗိုလ်ချုပ် ဇီယူကျဆုံးပြီး တပ်လည်း လုံးဝချေမှုန်းခံလိုက်ရသည်။ စေလွှတ်လိုက်သောမြင်းတပ်ကျဆုံးသော်လည်း တရုတ်တို့သည် ဂျပန်တို့၏ လှုပ်ရှားမှုများကို ၁၅၉၂ ခုနှစ် နှစ်ကုန်ပိုင်းထိ နယ်စပ်တွင်သာ စောင့်ကြည့်လျက်ရှိနေသည်။


ကိုရီးယားနန်းတွင်းတပ်များ ဖရိုဖရဲတကွဲတပြားစီဖြစ်နေသော အချိန်တွင် ဂူအဲ့ဂျယ်ဝူး ဦးဆောင်သော ကိုရီးယားပြည်သူများနှင့် ဘုန်းတော်ကြီးဟာယူဂျွန်းဦးဆောင်သော ဘုန်းတော်ကြီးတို့စုစည်း၍ အင်အား နှစ်သောင်းနှစ်ထောင်နီးပါးရှိသော ပြောက်ကျားတပ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ အဓိကအားဖြင့် ပြောက်ကျားတပ်ဖွဲ့များသည် နမ်မြစ်တစ်လျှောက်ရှိ ဂျပန်ထောက်ပံ့ရေးသဘောင်္များကို နှစ်မြုပ်ပစ်ခဲ့ကြသည်။ ဘုန်းတော်ကြီးအင်အားမှာ ရှစ်ထောင်ကျော်ရှိပြီး နောက်ပိုင်းတွင် ကိုရီးယားနန်းတွင်းအစိုးရမှ အမြဲတမ်းတပ်အဖြစ်ဖွဲ့စည်းခဲ့သည်။ 


စစ်ပွဲပြီးနောက် ဂျပန်နှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရာတွင် ထိုဘုန်းတော်ကြီးတို့၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်။ ၁၆၀၅ ခုနှစ်တွင် ဘုန်းကြီး ဆွန်းယွန်းဂျယ်အော ဦးထောင်သော ကိုရီးယားသံအဖွဲ့သည် ဂျပန်ပြည်သို့ သွားရောက်ခဲ့ပြီး စစ်အတွင်း ဂျပန်ပြည်သို့ ဖမ်းဆီးခြင်းခံခဲ့ရသော ကိုရီးယားလူမျိုး သုံးထောင်ကျော်ကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။


ရှေ့ပိုင်းဂျပန်တပ်မများမှ တရုတ်နယ်စပ်သို့ အပြင်းဆုတ်ခွာနေရသော ကိုရီးယားတပ်များကို အားသွန်၍ တိုက်ခိုက်နေသည့် အချိန်တွင် အင်အား ၁၄၀၀၀ ရှိသည့် ဗိုလ်ချုပ် မိုရီ ယောရှိနာရီ၏ အမှတ်လေးတပ်မမှ သိမ်းပိုက်ရရှိသည့်နယ်မြေများကို ထိန်းချုပ်ကာ ဂျပန်အုပ်ချုပ်ရေးဥပဒေများကို ရေးဆွဲနေတော့သည်။ ထိုဥပဒေများတွင် ဂျပန်ယဉ်ကျေးမှု၊ လူမှုရေး၊ အချိန်အတွယ်စနစ်များကို စနစ်တကျထည့်သွင်းရေးဆွဲထားခြင်းသာဖြစ်သည်။ 


ဗိုလ်ချုပ် ကာတို ခိယော့မဆ ၏ အမှတ်နှစ်တပ်မသည် နှစ်တပ်ခွဲကာ တစ်တပ်သည် အန်ဗြောင်း အရှေ့ဘက်အရပ်ရှိ ကမ်းရိုးတန်းသို့ ချီတက်သွားခဲ့သည်။ ထို့နောက် ကျန်ရှိသောအင်အားတစ်သောင်းဖြင့် မြောက်ဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ ဆုန်းဂျင်းအရပ်တွင် ဗိုလ်ချုပ်ရီယွန်း၏ ဟမ်ယောင်းမြင်းတပ်နှင့်တွေ့ကာ တိုက်ပွဲဖြစ်ခဲ့သည်။ အစပိုင်းတွင် ကိုရီးယားတပ်များ အသာစီးရခဲ့သော်လည်း ဂျပန်တပ်များမှ အသေခံကြံ့ကြံ့ခံတိုက်သောကြောင့် ကိုရီးယားမြင်းတပ်ဖွဲ့စည်းပုံပျက်ခဲ့တော့သည်။ ဂျပန်တပ်များက ကိုရီးယားမြင်းတပ်သားများအား ရွှံ့ညွန်တောထဲတွင် ချောင်ပိတ်အောင် မောင်းချပြီး ချေမှုန်းသုတ်သင်လိုက်ကြသည်။ လက်ကျန်ကိုရီးယားတပ်သားများသည်လည်း နီးစပ်ရာတပ်များဆီသို့ တကွတပြားဆုတ်ခွာခဲ့ရသည်။ ဂျပန်များအနေဖြင့်လည်း တပ်စခန်းချရာ အနီးနားရှိ စပါးခင်းများ၊ စိုက်ခင်းများ၊ သိုလှောင်ရုံများမှ ရိက္ခာများကိုရရှိခဲ့သောကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။


ဗိုလ်ချုပ်ရီယွန်း၏ မြင်းတပ် ဆုန်းဂျင်းတိုက်ပွဲတွင် ကျဆုံးသွားသောအခါ ခင့်ချူး၊ မာယွန့်ချွန်း၊ ကရုန်းဆွန်း အရပ်ဒေသများကို ဂျပန်တပ်များအလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ သြဂုတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ် ကာတို ခိယောမဆထံသို့ ကိုရီးယားမင်းသားနှစ်ပါးနှင့် နန်းတွင်းအမတ်တစ်ဦးကို ဒေသခံကိုရီးယားလူမျိုးတို့မှ ဖမ်းဆီး အပ်နှံခဲ့ကြသည်။ တပ်ပျက်၍ ကြောက်လန့်နေသော ကိုရီးယားတပ်သားများကလည်း ဗိုလ်ချုပ်တစ်ဦးကို သတ်ဖြတ်ခဲ့ကြသေးသည်။


အောင်ပွဲများဆက်တိုက်ရလာခဲ့သော ဗိုလ်ချုပ် ကာတို ခိယောမဆ သည် ဂျပန်တပ်သား ရှစ်ထောင်နှင့် ဖမ်းဆီးထားသော ကိုရီးယား သုံးထောင်ကို ပူးပေါင်းစေ၍ တျူမန်မြစ်ကို ဖြတ်ကူးကာ ဂျာချန်ခံတပ်တစ်ခုကို ၀င်ရောက်သိမ်းပိုက်ခဲ့သည်။ ကိုရီးယား-ဂျပန်ပူးပေါင်းတပ်သည် ဂျာချန်ခံတပ်ကို ဖျက်ဆီးပြီးနောက် ကိုရီးယားတပ်များကို ပြန်လည် စေလွှတ်ပြီး ဂျပန်တပ်များက နယ်စပ်တွင် စခန်းချနေခဲ့သည်။ သို့သော် ဂျာချန်တို့မှ သဲကြီးမဲကြီး ပြန်လှန်တိုက်ခိုက်လာသဖြင့် တပ်အင်အားနည်းပါးနေသော ဂျပန်တပ်တို့အား ဗိုလ်ချုပ် ကာတို ခိယောမဆမှ ဆုတ်ခွာစေခဲ့တော့သည်။ 


ဂျပန်ကျူးကျော်မှုကြောင့် ဂျာချန်ခေါင်းဆောင် နာချီဟ့ချီ သည်လည်း တရုတ်၊ ကိုရီးယားတို့နှင့် မဟာမိတ်ပြုရန် ကမ်းလှမ်းခဲ့တော့သည်။ သိုပါသော်လည်း တရုတ်နှင့် ကိုရီးယားတို့မှာ ဂျာချန်တို့အား လူရိုင်းများအဖြစ်သာ မှတ်ယူသောကြောင့် ငြင်းပယ်ခဲ့ကြသည်။ အထူးသဖြင့် ကိုရီးယားတို့က လူရိုင်းများနှင့် မဟာမိတ်မပြုလိုကြောင်း ပြင်းပြင်းထန်ထန်ပင် ငြင်းခဲ့သည်။


(ထိုအချိန်ခါက တရုတ်၊ ကိုရီးယာ၊ ဂျပန်တို့သည် ဂျာချန်တို့အား မြောက်ပိုင်းနယ်ရှိ လူရိုင်းများအဆင့်အဖြစ်သာ စာရင်းသွင်းခဲ့ကြသည်။ ဂျာချန်တို့ကို တရုတ်တို့က ကျူးချီဟုဘည်းကောင်း၊ ဂျပန်တို့က အိုရမ်းဂအိ ဟုလည်းကောင်း၊ ကိုရီးယားတို့က အိုရမ်းခအဲဟုလည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။ ဂျပန်တို့က ဂျာချန်တို့ကို ကိုရီးယားကျွန်းဆွယ်ရှိ လူရိုင်းများဟုသာ မှတ်ယူခဲ့ကြသည်။)


ဂျပန်တို့သည် ဖြုံယမ်းကို ရရှိပြီးသောအခါ ရာလုမြစ်ကိုကူး၍ ဂျာချန်နယ်နှင့် တရုတ်ပြည်ကို ၀င်ရောက်တိုက်ခိုက်ရန် အစီအစဉ်များ ရေးဆွဲတော့သည်။ သို့သော် ဂျိုလာခရိုင်တွင် အခြေစိုက်သော ကိုရီးယားရေတပ်ဗိုလ်ချုပ် ရီဆွန်ရှင်း၏ ဦးစီးတိုက်ခိုက်မှုကြောင့် စစ်ကူသဘောင်္နှင့် ရိက္ခာသဘောင်္များ ပင်လယ်ပြင်တွင် နှစ်မြှပ်ခံရလေသည်။ ရှေးဦးစွာ ရောက်ရှိနေသော ဂျပန်တပ်သားများတွင်လည်း ခဲယမ်းကုန်ကာ စစ်လည်းပန်းလျက်ရှိနေခဲ့သည်။ နောက်ပိုင်းမှ ဂျပန်ထောက်ပံ့ရေးသဘောင်္များစွာ နှစ်မြှပ်ခံရသောအခါ တရုတ်ပြည်ကို ၀င်ရောက်တိုက်ခိုက်ရန်မှာလည်း ရပ်တန့်နေခဲ့တော့သည်။ 


ရေတပ်တိုက်ပွဲစဉ်များကြောင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်မျက်နှာပေါင်းများစွာကို ရင်ဆိုင်ထားရသော ဂျပန်မြေပြင်တပ်တို့သည်လည်း ထောက်ပံ့ရေးပြတ်လပ်မှုကြောင့် အင်အားနည်းလာကာ ဂျိုဆွန်း-ဂျပန်စစ်ပွဲကို အလှည့်အပြောင်းဖြစ်သွားစေခဲ့သည်။ ကိုရီးယားရေတပ်က အပြင်းအထန်တိုက်ခိုက် နှစ်မြှုပ်နေသော်လည်း ဂျပန်တို့သည် ထောက်ပံ့ရေးပစ္စည်းများကို ဆူရှီးမားမှ ဘူဆန်သို့ ပို့မြဲပို့ပေးခဲ့ကြသည်။


ကိုရီးယားရေတပ် အင်အားကောင်းကောင်း အရည်အချင်းပြည့်၀စွာ တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ ဝေါခူး ဟုခေါ်သည့် ပင်လယ်ဓါးမြများနှင့် တိုက်ခိုက်ခဲ့ရခြင်းကြောင့်ဖြစ်သည်။


(ဝေါခူးများသည် တရုတ်လူမျိုး ခုနစ်ဆယ်ရာခိုင်နှုန်းနှင့် ဂျပန်လူမျိုးသုံးဆယ်ရာခိုင်နှုန်း ပါ၀င်သည်ဟု တရုတ်မှတ်တမ်းများကဆိုသည်။ ကိုရီးယားမှတ်တမ်းများတွင် ကိုရီးယား၊ တရုတ်၊ ဂျပန်၊ မွန်ဂို လူမျိုးစုံပေါင်းစည်းထားသည်ဟု မှတ်တမ်းတင်ခဲ့သည်။ ဝေါခူးတို့သည် ဂေါတောကျွန်းနှင့် အိခိကျွန်းတို့တွင် အခြေစိုက်လှုပ်ရှားခဲ့ကြသည်။ ကိုရီးယားနှင့် တရုတ်တို့က ဝေါခူးများကို ဂျပန်ဓါးမြများ သို့မဟုတ် ဂျပန်ကျောထောက်နောက်ခံပေးထားသော ဓါးမြများ ဟု သတ်မှတ်ကာ အပြင်းအထန်နှိမ်နင်းခဲ့ကြသည်။ ၁၄၁၉ တွင် ကိုရီးယားဗိုလ်ချုပ် ရီချွန်းမို ဦးစီးကာ အိခိကျွန်းရှိ ဝေါခူးတို့ကို အပြင်းအထန်နှိမ်နင်းခဲ့သည်။ ၁၅၃၃တွင် မင်အင်ပါယာမှ ဗိုလ်ချုပ် ဟန်ချီကွား မှ တရုတ်အရှေ့ဘက်ကမ်းရိုးတန်းတွင် ကျက်စားနေကြသော ဝေါခူးတို့ကို အပြင်းအထန်နှိမ်နင်းစေခဲ့သည်။)