ဂျိုလာခရိုင် နယ်စားဖြစ်သူ ရီခွမ်း သည် မြို့တော် ဟန်ဆောင်သို့ တပ်များစေလွှတ်၍ အကူအညီပေးရန် ကြိုးပမ်းခဲ့သော်လည်း ဟန်ဆောင်ဂျပန်လက်အောက်ကျဆုံးသွားခဲ့သဖြင့် တပ်များကို ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာစေကာ အင်အားစုစည်းခဲ့တော့သည်။ စည်းရုံးရေးကောင်းစွာဖြင့် ကိုရီးယားပြည်သူများကို စုစည်းခဲ့ရာ အရေးပ်ါတပ်သားများအပါအ၀င် အင်အားမှာ ငါးသောင်းနီးပါး ရှိ်လာခဲ့သည်။ ထို့နောက် မြို့တော် ဟန်ဆောင်ကို ပြန်လည်သိမ်းပိုက်ရန် ကိုရီးယားတပ်သားများကို စေလွှတ်ခဲ့သည်။
၁၅၉၂ ဂျွန်လ ၄ ရက်တွင် ဟန်ဆောင်မြို့တောင်ဘက် ၂၆ မိုင်ခန့် ကွာဝေးသော နေရာအထိ ကိုရီးယားရှေ့ပြေးတပ် ရောက်ရှိလာခဲ့ပြီး ဂျပန်ခံတပ်တစ်ခုနှင့်တွေ့ကာ သိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။ အဆိုပါခံတပ်တွင် ဂျပန်ဗိုလ်ချုပ် ဝါခီဇက ယာဆုဟာရု ဦးဆောင်သည့် ဂျပန်တပ်သား ခြောက်ရာမှ ခုခံတိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါ ဂျပန်တပ်ကူများ ရောက်ရှိလာခဲ့၍ ကိုရီးယားတပ်များ ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။
ကိုရီးယားရေတပ်၏ တိုက်ခိုက်မှုကြောင့် သဘောင်္အမြောက်အများပျက်ဆီးခဲ့သည့် ဂျပန်တို့သည် ရေတပ်ချင်းမယှဉ်တော့ပဲ မြေပြင်တပ်များကို အားပြု၍ ကိုရီးယားရေတပ်အခြေစိုက်ရာ ဂျိုလာခရိုင်ကို ၀င်ရောက်တိုက်ခိုက်တော့သည်။
ယခင်က ချမှတ်ထားခဲ့သည့် အစီအစဉ်များအတိုင်း ဗိုလ်ချုပ် ကောဘာယခါ၀ တကခဂယ် ဦးစီးသည့် ဂျပန်အမှတ်ခြောက်တပ်မသည် ဆုန်းဂျူးအရပ်မှ ချီတက်လာကာ ဂျိုလာခရိုင်တည်ရှိရာသို့ ထိုးဖောက်၀င်ရောက်လာခဲ့သည်။
အမှတ်ခြောက်တပ်တွင် အန်းကိုခုဂျီ အဲခယ်အိ ဟုခေါ်သည့် ဘုန်းတော်ကြီးတစ်ပါး ဦးဆောင်သော တပ်ဖွဲ့များ ပါ၀င်လာခဲ့သည်။ ထိုဘုန်းတော်ကြီးသည် ဂျပန် ရှိုဂွန်း တိုယော်တိုမိ ဟိဒေ့ယော့ရှိ နှင့် ဂျပန်ပြည် အနောက်ဘက်ခြမ်းရှိ စစ်ဘုရင်တစ်ဦးဖြစ်သူ မိုရိ တယ်ရုမိုတော တို့အကြား ငြိမ်းချမ်းရေး ရရှိခဲ့အောင် စေ့စပ်ညှိနိုင်း ပေးခဲ့သူလည်း ဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီးသည် အမှတ်ခြောက်တပ်တချို့ကို ဦးစီးပြီး အူရီယောအရပ်သို့ ဦးစွာ ချီတက်လာခဲ့သည်။
နမ်မြစ်ကမ်းသို့အရောက်တွင် မြစ်ကိုကူးရန်အတွက် ရေတိမ်သည့်နေရာများကို အမှတ်အသားပြုကာ စခန်းချ ရပ်နားခဲ့သည်။ သို့သော်လည်း ကိုရီးယားတို့မှ ညဘက်တွင် လာရောက်၍ အမှတ်အသားများကို ရေနက်ပိုင်းများသို့ ပြောင်းရွှေ့ထားခဲ့ကြသည်။ နောက်တစ်နေ့မြစ်ကို ကူးသည့်အချိန်တွင် ဂျပန်တပ်သားအများအပြားရေနစ်ကျဆုံးပြီး ကမ်းပေါ်သို့ရောက်ရှိသွားသည့်တပ်များမှာလည်း ကိုရီးယားတပ်များ၏ ချုံခိုတိုက်ခိုက်မှုခံရကာ အများအပြားကျဆုံးကာ အထိနာခဲ့ကြသည်။
အဆိုပါတိုက်ပွဲတွင် အပြင်းအထန်ထိခိုက်ခဲ့မှုကြောင့် တပ်သားအင်အားနည်းပါးသွားသော ဘုန်းတော်ကြီး အန်းကိုခုဂျီ၏ တပ်များသည် ကိုရီးယားမြောက်ပိုင်းသို့ ဆုတ်ခွာခဲ့ရပြီး ဂျပန်ခံတပ်များ တည်ဆောက်သည့်နေရာများတွင် အစောင့််တပ်အနေဖြင့်သာ လုံခြုံရေးပေးရန် ဗိုလ်ချုပ် ကောဘယခါ၀ တကခဂယ်မှ အမိန့်ပေးခဲ့သည်။
ဘုန်းတော်ကြီး အန်းကိုးခုဂျီ၏ တပ်များအရေးနိမ့်ခဲ့ပြီးနောက် ကျန်ရှိနေသည့် ဂျပန်အမှတ်ခြောက်တပ်မမှလည်း ဂျိုလာခရိုင်၏ မြို့တော် ဂျွန်းဂျူး ကို သိမ်းပိုက်ရန် အပြင်းချီတက်လာခဲ့တော့သည်။ ဂျိုလာခရိုင်သို့ ရောက်ရှိရန် ဂွန်းဆန်းန်ခရိုင်ကို ဖြတ်သန်းစဉ်တွင် ဗိုလ်ချုပ် ဂူအဲ့ယွန်း ဦးစီးသည့် ပြောက်ကျားတပ်ဖွဲ့များမှ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် အမှတ်ခြောက်တပ်မ အထိနာခဲ့ပြီး ဂယွန်းဆန်း ဒေသသို့ ဆုတ်ခွာခဲ့ရတော့သည်။
ဂျပန်အမှတ်ခြောက်တပ်မ အရှုံးနှင့် ရင်ဆိုင်ပြီးချိန်တွင် ဂျိုလာခရိုင်၏ မြို့တော် ဂျွန်းဂျူးမြို့ကို သိမ်းပိုက်ရန်အတွက် ဂွန်းဆန်းန်ခရိုင်ရှိ ကိုရီးယားပြောက်ကျားတပ်များနှင့် နန်းတွင်းဗိုလ်ချုပ်များကို နှိမ်နင်းနိုင်မှသာ ရှေ့သို့တိုးနိုင်ကြမည်ကို ဂျပန်တပ်မှူးများ သဘောပေါက်လာကြသည်။ ထိုကြောင့် အိကီကျွန်းတွင် အရန်တပ်အနေဖြင့် တပ်စွဲထားသော ဂျပန်ဗိုလ်ချုပ် ဟောဆောခါ၀ တာဒါအောကီ ၏ အမှတ်ကိုးတပ်မသည် ဂွန်းဆန်းန်ခရိုင်ကို ရှင်းလင်းရန် ချီတက်လာတော့သည်။
ဂွန်းဆန်းန်ခရိုင်တွင် ဂျပန်တို့ ပထမဆုံးသိမ်းပိုက်ရန် မျှော်မှန်းထားသည့်နေရာမှာ ကိုရီးယားဗိုလ်ချုပ် ကင်မ်ရှီးမင့်၏ ချင်းဂျူး ရဲတိုက်ဖြစ်သည်။ ဗိုလ်ချုပ် ကင်မ်ရှီးမင့် သည် ထိုအချိန်ခါက ကိုရီးယားပြည်ရှိ အတော်ဆုံးဗိုလ်ချုပ်များထဲမှ တစ်ဦးဖြစ်သည်။ ချင်းဂျူးရဲတိုက်တွင် ကိုရီးယားတပ်သား ၃၀၀၀ ရှိပြီး မီးပေါက်သေနတ် နှစ်ရာနှင့် အမြှောက်များအသင့်ပြင်ဆင်ထားကြသည်။
ဂျပန်ဗိုလ်ချုပ် ဟောဆောခါ၀ တာဒါအောကီ ၏ တပ်သား ၁၂၀၀၀ ခန့်ဖြင့် ၀န်းရံတိုက်ခိုက်ခဲ့မှုကြောင့် ကိုရီးယားတပ်သားများ အသေခံကာကွယ်ခဲ့ရပြီး ဗိုလ်ချုပ် ကင်မ်ရှီးမင့် ချင်းဂျူးရဲတိုက်တွင် ကျဆုံးခဲ့သည်။ ချင့်ဂျူးတိုက်ပွဲသည် ကိုရီးယားသမိုင်းတွင် အောင်ပွဲအကြီးမားဆုံးတိုက်ပွဲများထဲမှ တစ်ခုအပါအ၀င်ဖြစ်လာခဲ့သည်။ ဂျပန်တပ်များသည်လည်း ချင်းဂျူးခံတပ်ကို မထိုးဖောက်နိုင်သည့်အတွက် ပြန်လည်ဆုတ်ခွာသွားကြသည်။ ဆက်ကာ ဆက်ကာ ရှုံးနိမ့်မှုများကြောင့် ဂျပန်တို့လည်း ဂျိုလာခရိုင်ကို တိုက်ခိုက်ရန် အကျပ်ရိုက်လာကာ အပြင်မှ၀န်းရံ၍ ကိုရီးယားတို့၏ အမှားကို စောင့်ကြည့်နေခဲ့တော့သည်။
ကိုရီးယားနှင့် ဂျပန်တို့၏ တိုက်ပွဲများကို စောင့်ကြည့်နေသည့် တရုတ်တို့သည် ၁၅၉၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မင်အင်ပါယာရှိ တရုတ်တပ်များကို စတင်စုစည်းတော့သည်။ အထူးသဖြင့် တရုတ်ပြည်မြောက်ပိုင်းစစ်နယ်ဝှမ်း ငါးခုမှ တပ်သားအများစုကို စုစည်းခဲ့ပြီး တရုတ်ပြည်တောင်ပိုင်းမှ တပ်သားအနည်းငယ်ကိုသာ ဆင့်ခေါ်ခဲ့သည်။ ၁၅၉၃ ဇန်နဝါရီတွင် တရုတ်ဗိုလ်ချုပ် လိ့ဝူးဆွန် နှင့် အုပ်ချုပ်သူအဖြစ် ဗိုလ်ချုပ် ဆောင်းချွန်း တို့ ဦးစီးသည့် တရုတ်တပ်သား လေးသောင်းခွဲခန့် ပါ၀င်သည့် တပ်တစ်တစ်သည် ကိုရီးယားနယ်မြေသို့ ၀င်ရောက်လာခဲ့တော့သည်။
၁၅၉၃ ဇန်နဝါရီလ ၅ ရက်တွင် တရုတ်တပ်သားနှစ်သောင်းကျော်နှင့် ကိုရီးယားတပ်အနည်းငယ်မှ ဖြုံယမ်းမြို့ကို ၀န်းရံတိုက်ခိုက်တော့သည်။ ဂျပန်ဗိုလ်ချုပ် ကိုနီရှီ ယုခိနာဂ ဦးစီးသည့် အမှတ်တစ်တပ်မမှ ဂျပန်တပ်များက ခုခံသော်လည်း လူအင်အားများပြားသည့် တရုတ်တပ်တို့ကို မယှဉ်နိုင်တော့ပဲ အသေခံကာကွယ်ရသည်အထိ ဖြစ်လာခဲ့သည်။ ဂျပန်တပ်များမှ ညဘက်တွင် တရုတ်တပ်စခန်းများကို ၀င်ရောက်စီးနင်းရန်ကြိုးပမ်းစဉ်တွင် တရုတ်ဗိုလ်ချုပ် လိဝူးဆွန့် မှ ဖြုံးယမ်းမြို့မြောက်ဘက်ရှိ ဂျပန်မြို့စောင့်တပ်များကို တအိအိဖြင့် ပြိုဆင်းလာစေရန် တိုက်ခိုက်တော့သည်။
ဇန်နဝါရီလ ၈ ရက်နေ့မနက်တွင် တရုတ်တပ်များ မြို့တံခါး သုံးပေါက်မှ အလုံးအရင်းနှင့် ၀င်ရောက်လာတော့သည့်အတွက် ဂျပန်တပ်များ အရှေ့တံခါးမှ အလျှင်အမြန် ဆုတ်ခွာထွက်ပြေးရတော့သည်။ တရုတ် ကိုရီးယားတပ်များသည်လည်း ဖြုံယမ်းကို သိမ်းပိုက်ရပြီးလျှင် ခံတပ်များ ကတုပ်များကို အလျင်အမြန်ပင် ပြန်လည်တည်ဆောက်ခဲ့တော့သည်။
ကစဉ့်ကလျားဆုတ်ခွာခဲ့ကြသည့် ဂျပန်တပ်များသည် တောင်ပိုင်းရှိ မြို့တော်ဟန်ဆောင်သို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။ ဆုတ်ခွာရာ လမ်းတလျှောက်တွင်လည်း ကိုရီးယားတပ်များမှ အလစ်တိုက်ခိုက်ခဲ့သဖြင့် အင်အားအများအပြားဆုံးရှုံးခဲ့ကြသေးသည်။
တရုတ်တပ်များသည် ဖြုံယမ်းမြို့ကို ရရှိပြီးနောက် ကေဆောင်မြို့ကို ဇန်နဝါရီ ၁၉ ရက်တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် တရုတ်ဗိုလ်ချုပ် လိ့ဝူးဆွန်သည် ဂျပန်တပ်များကို အထင်သေးကာ မြို့တော် ဟန်ဆောင်ကို သိမ်းပိုက်ရန် ပြင်ဆင်တော့သည်။ သို့သော်လည်း တရုတ်တို့ အလျင်ကရင်ဆိုင်တွေ့ခဲ့သည့် ဂျပန်တပ်များမှာ အမာခံတပ်များမဟုတ်ပဲ တပ်ငယ်များသာလျှင်ဖြစ်သည်။
ဇန်နဝါရီ ၂၁ ရက်တွင် တရုတ်ဗိုလ်ချုပ် လိ့ဝူးဆွန် သည် အင်အားနှစ်သောင်းနီးပါးဖြင့် ဟန်ဆောင်ကိုသိမ်းပိုက်ရန် ချီတက်လာခဲ့တော့သည်။ ၁၅၉၃ ဇန်နဝါရီ ၂၆ ရက်တွင် ဂျပန်ဗိုလ်ချုပ် တာကျိဘာန မွန်န်းအဲရှိဂဲ ဦးဆောင်သည့် ဂျပန်တပ်သား သုံးသောင်းကျော်မှ တရုတ်တပ်များကို ဘိုင်ယော့ဂျိဂူအန်းဒေသတွင် ကြားဖြတ်တိုက်ခိုက်တော့သည်။
ပထမဦးစွာ တရုတ်တို့ ထောက်လှမ်းရရှိခဲ့သော သတင်းများတွင် ဂျပန်တပ်သား ခြောက်ရာခန့်ရှိသည့် စခန်းတစ်ခုသာ လမ်းတွင် ပိတ်ဆို့နေကြောင်း ကိုရီးယားများမှ သတင်းပေးခဲ့သည်။ တရုတ်တပ်များသည် ဂျပန်တပ်ငယ်လေးကို အလွယ်တကူအောင်နိုင်ပြီးနောက် ဂျပန်ဗိုလ်ချုပ် တာကျိဘာန မွန်းန်အဲရှိဂ၏ ဂျပန်တပ်များနှင့် ရင်ဆိုင်မိပြီး တောင်ကုန်းတစ်ခုသို့ဆုတ်ကာ ခံစစ်များပြင်ဆင်ထားလိုက်သည်။
ထို့နောက် ဂျပန်တပ်များရှိရာသို့ နေ့လည်ဘက်တွင် အင်အားအခြေအနေများကို ထောက်လှမ်းစုံစမ်းခဲ့သည်။ သို့သော်လည်း မွန်းလွဲပိုင်းကျော်သွားချိန်တွင် ထိုဒေသသို့ ဂျပန်တပ်များ တဖွဲဖွဲ ရောက်ရှိလာတော့သည်။ ထို့နောက် ဂျပန်တပ်များ၏ အကြိမ်ကြိမ်ထိုးဖောက်မှုကို ခံရပြီး တရုတ်တပ်များ မြောက်ဘက်သို့ တဖြည်းဖြည်း စတင်ဆုတ်ခွာရတော့သည်။ တရုတ်ဗိုလ်ချုပ်များမှ ဂျပန်တို့အား တန်ပြန်ထိုးစစ်ဆင်လိုသော်လည်း အများအပြားကျဆုံးနေမှုကြောင့် အထမမြောက်ခဲ့ချေ။ နာရီအနည်းငယ်ကြာ ထပ်မံထိုးစစ်ဆင်ပြီးနောက် ဂျပန်တပ်များမှ ထိုးစစ်များ ရပ်တန့်ကာ အနည်းငယ်ဆုတ်ခွာသွားကြတော့သည်။ တရုတ်တပ်များမှလည်း အသေအပျောက်များနေသည့်အထဲမှ လက်ရွေးစဉ်တပ်သားများ ထုတ်ကာ ခုခံရန် ပြင်ဆင်ထားခဲ့သည်။ တရုတ်ဗိုလ်ချုပ် လိ့ဝူးဆွန် သည် တပ်သားအများအပြားကျဆုံးခဲ့သည့် အတွက် နောက်ထပ်စစ်မဆင်နိုင်တော့ဘဲ တပ်ကူများကိုသာစောင့်နေရတော့သည်။
တစ်ဖက်တွင်လည်း ဂျိုလာခရိုင်သို့ နောက်ထပ်ထိုးစစ်အဖြစ်နှင့် ဂျပန်ဗိုလ်ချုပ် ကာတို ဦးစီး၍ ဂျပန်တပ်သား သုံးသောင်းဖြင့် ထပ်မံ၀င်ရောက်လာခဲ့ကြသည်။ ကိုရီးယားဗိုလ်ချုပ် ဂွမ်ယွဲ့ မှ ဟန့်ဂျူးဒေသ အီချီဒယ်ယော့ တောင်ကုန်းပေါ်ရှိ ခံတပ်မှ ဂျပန်တပ်များကို ရင်ဆိုင်ရန်ပြင်ဆင်ထားခဲ့သည်။ ကနဦးတွင် တရုတ်တပ်များ၏ စစ်ကူအလာကိုစောင့်၍ ပူးပေါင်းပြီး ခုခံရန်ဖြစ်သည်။ သို့သော် တရုတ်တပ်များ လမ်းတွင် အတိုက်ခိုက်ခံရပြီး ရှေ့သို့မတိုးနိုင်သည့် သတင်းကိုကြားသော်လည်း နောက်သို့မဆုတ်ခွာတော့ပဲ ခံစစ်ကို ပြင်ဆင်ထားခဲ့တော့သည်။
ဂျပန်ဗိုလ်ချုပ် ကာတို ခိယောမဆ သည် ကိုရီးယားတပ်များအား အထင်သေးကာ မတ်စောက်သည့် တောင်ကြားအတိုင်းသာ ချီတက်ခဲ့သည်။ ကိုရီးယားတပ်သားများသည် သေချာ ပြင်ဆင်ထားသည့် ကျောက်တုံးများ၊ မီးလုံးများဖြင့် ဂျပန်တပ်များတောင်ကြားလမ်းကို ဖြတ်သည့်အချိန်တွင် လှိမ့်ချလိုက်ကြသည်။ ရှိသမျှသေနတ်များ မြှားများဖြင့် ဂျပန်များ ဖရိုဖရဲ ဖြစ်နေသည့် အချိန်တွင် ပစ်ခတ်တိုက်ခိုက်ကြရာ ဂျပန်တို့ဆုတ်ခွာရတော့သည်။ ဗိုလ်ချုပ် ကာတို ခိယောမဆ သည်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ဂျပန်တပ်သားများမှ လျှင်မြန်စွာ ကယ်တင်ပေးနိုင်ခဲ့သဖြင့် အသက်ချမ်းသာခဲ့ရသည်။
ဟန့်ဂျူးတိုက်ပွဲသည် ကိုရိးယားတပ်မတော်သမိုင်းတွင် အကြီးမားဆုံးအောင်ပွဲရ တိုက်ပွဲများထဲမှ တစ်ခုအပါအ၀င်အဖြစ် မှတ်တမ်းတင်ခံရသည်။ အဆိုပါ ဟန့်ဂျူးတိုက်ပွဲ၊ ချင့်ချူးတိုက်ပွဲ၊ ဟန့်ဆန်ဒိုတိုက်ပွဲများတွင် ဂျပန်တို့အား အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း ကိုရီးယားတွင် ကျင်းပကြသည်။